Friday, November 4, 2011

unknown fact

     
ရတနာ နတ်မယ် (သို့မဟုတ်) ကမ္ဘာ နှစ်ခုကြားမှ မင်းသမီး PDF Print E-mail
Written by ထက်မြက်   
Wednesday, 02 November 2011 13:05
Share |

ကနောင်မင်းခေါ် ကနောင် မင်းသားကြီး၏ မြစ်တော်လည်းဖြစ်၊ လင်းပင် မင်းသား၏ မြေးတော်လည်း ဖြစ်သော မင်းသမီး ရတနာ နတ်မယ်သည် ဗိုလ်ချုပ်ကြီးဟောင်း နေ၀င်း၏ ဇနီးဖြစ်ပါသည်။

ရတနာနတ်မယ်၏ ငယ်စဉ်က ဓာတ်ပုံကို ပန်းချီ ဆရာကြီး ဦးအုန်းလွင် ပြ၍ ကျွန်တော် ကြည့်ခဲ့ရသည်။ အလွန် ကျော်ကြားသော မန္တလေး သင်္ကြန်၌ အလှပြ အဖွဲ့တစ်ဖွဲ့၏ ကားပေါ်တွင် ကနေသူ မိန်းမပျို တစ်ဦးပုံ ဖြစ်သည်။ အလွန်ချောမောသည့်၊ ကိုယ်လုံးကိုယ်ပေါက် လှပသော သွယ်လျလျ မိန်းမပျို ဖြစ်သည်။ ဦးအုန်းလွင်က သူ သိမ်းဆည်းထားသော ဂျာနယ် တစ်စောင်ကို ယူပြီး ထိုပုံကိုပြကာ ရတနာ နတ်မယ် ဖြစ်ကြောင်းပြောပြသည်။ ဓာတ်ပုံ အောက်ခြေ၌လည်း ကနေသူမှာ ရတနာ နတ်မယ်ဟု ရေးထားပါသည်။

နောက် မြန်မာနိုင်ငံ၏ သမ္မတ ဖြစ်သော ဦးနေ၀င်းနှင့် လက်ထပ်သော အခါ သတင်း စာထဲ၌ အဖြူရောင် ၀တ်စုံနှင့် ရတနာ နတ်မယ်ကို တွေ့ရပြန်ပါသည်။ ထိုကဲ့သို့ ချောမော လှပသော၊ လင်းပင်မြေးတော် ရတနာ နတ်မယ် အကြောင်းကို Gviffith Review Edition 27 ၌ စာရေးသူများ ဖြစ်သော Hamish Mc Domald and Desmond O' Grady တို့က ရေးသားထား သည်ကို မြန်မာ ပြန်လိုက်ခြင်း ဖြစ်ပါသည်။
ထက်မြက်

ရောမမှ ပထမဆုံး ထွက်လာသော ရထားဖြင့် အေးစိမ့်သော ဖလောရင့်သို့ ကျွန်တော်တို့ ရောက်ရှိခဲ့ပါသည်။ မနက်စာကို ခပ်သုတ်သုတ် စားပြီး တက္ကစီ ကားတစ်စီးဖြင့် မြစ်ကူး တံတားကို ကျော်ကာ လေတိုက်နေသော လမ်းကျဉ်းလေး တစ်ခုမှနေ ဆန်ဖရီဒီယာနိုသို့ ရောက်ရှိ ခဲ့ပါသည်။

ဗီယာကာ မဲလ်ဒိုလီရှိဆိုင်၏ မျက်နှာစာကို နောက်ဘက် ပေးထားသော အဆောက်အဦ တစ်ခုရှေ့တွင် ကားကို ရပ်လိုက်၏။ ထိုအဆောက်အဦ ရှေ့၌ Associazione Culturale Artee Gastronomia Orientale ဆိုသော နာမည် ဆိုင်းဘုတ် တစ်ခုကို အိမ်အ၀င် ဘေးနံရံ၌ ကပ်ထား လေသည်။ ထိုစာတန်း အောက်၌ ၁၉၈၃ ခုက စတင်သည်ဟု ရေးထိုးထားသည်။ ထိုအသင်းမှာ ချက်ပြုတ်နည်း သင်တန်းများ ပေးသော အသင်း ဖြစ်၏။ ထိုချက်ပြုတ် သင်တန်းတွင် အင်္ဂလိပ် ဘာသာ၊ အီတလီ ဘာသာဖြင့် ပေးသည်။ ထိုဒေသမှ လူများ၊ ကြားသိသော အခြား ဒေသမှ လူများ လာတက်ကြသည်။ အီတလီ အစားအစာနှင့် အာရှ အစားအစာ များကို သင်ကြား ပေးပါသည်။

တံခါး ခေါက်လိုက်သည်နှင့် လာဖွင့်ပေးသော အမျိုးသမီးကြီးမှာ အသက် ၇၇ နှစ်နီးပါး ရှိလေသည်။ အသက်ကြီးသော်လည်း လှပ ခံ့ညားလေသည်။ ဆံပင်မှာ ဖြူနေသော်လည်း သပ်သပ်ရပ်ရပ် စည်းထားလေသည်။ ထိုအမျိုးသမီးကြီး၏ ဓာတ်ပုံများကို လွန်ခဲ့သော နှစ်ပေါင်း များစွာကတည်းက ကျွန်တော်တို့ တွေ့ခဲ့ဖူးသဖြင့် သူမကို မြင်မြင်ချင်း မှတ်မိလေသည်။ ထိုအချိန်က  သူမ၏ ဓာတ်ပုံများကို စီးဆင်းနေသော မြစ်များ၊ တောင်ပြာတန်းများ၊ လယ်ကွင်းများနှင့် အတူ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ သူမသည် ခြေချင်းဝတ်အထိ ရှည်လျားသော ဂါဝန် အကွက်ရှည်ကြီး တစ်ထည်ကို ၀တ်ထားသည်။  သိုးမွေးလို အနွေးထည် တစ်ထည်ကို လည်ပင်းအထိ ၀တ်ဆင် ထားပါသည်။

"ဒီအစက ရှင်တို့ပေးတဲ့ လက်ဆောင်ပဲလေ" ဟု ဂျွန်ရို့စ်ဘဲလာမီက ပြောလိုက်ပါသည်။ သူမကို ရတနာ နတ်မယ်ဟုလည်း အများက သိကြသည်။ ကျွန်တော်တို့ကို အားရပါးရ ပြုံးပြီး ပြောလိုက်ခြင်း ဖြစ်၏။"ကျွန်မက မြန်မာဝတ်စုံ ၀တ်ရတာကို သဘောကျတယ်။ ဒီနေရာက အေးလည်း  အေးပါတယ်"  ယခုမူ ထိုနေရာမှာ နွေးနွေးထွေးထွေး  ရှိနေ၏။

အရှေ့တိုင်းဆန်သော အပြင်အဆင်ကလည်း လွှမ်းထားသည်။ ထိုအမျိုးသမီးကြီးသည် အရှေ့တောင် အာရှတွင် ၀တ်ဆင်လေ့ရှိသော အင်္ကျီမျိုးနှင့် လုံချည်မျိုးကို ၀တ်ထားခြင်းလည်း ဖြစ်ပါသည်။ အိမ်ထဲသို့ ၀င်လိုက်သောအခါ မြင်းများပုံ ပန်းချီကားများကို တွေ့ရ၏။ ထိုပန်းချီကားများကို သူမ၏  အဖေဖြစ်သူ သြစတြေးလျ လူမျိုး၊  မြင်းပွဲဒိုင် လုပ်သူက  ချိတ်ဆွဲထားသော ပုံများ ဖြစ်လေသည်။

ထို့ပြင် အာရှ၏ ရှေးဟောင်း အနုပညာ လက်ရာများကိုလည်း တွေ့ရလေသည်။  အဖြူ၊ အမည်း ရေးဆွဲထားသည့် ပန်းချီကားများတွင် အသားညိုသော အာရှ တိုက်သားများ၏ ပုံများကို တွေ့ရသကဲ့သို့ သူတို့ ၀တ်ဆင်ထားသော အ၀တ်အစားများမှာလည်း ခမ်းနားလှသည်။ ယခင်က ပန်းချီကားများ၊ ဓာတ်ပုံများ ဖြစ်သလို ယခုခေတ် မြန်မာနိုင်ငံမှ ရွာတစ်ရွာကို ရိုက်ထားသော ရောင်စုံဓာတ်ပုံ များကိုလည်း တွေ့ရလေသည်။ ထမင်းစားခန်းထဲ ရောက်သော အခါ၌ ထမင်းစား စားပွဲရှည်ကြီးကို မြင်လိုက်ရသည်။ အနံ့၊ အရသာနှင့် ပြည့်စုံသော လိမ္မော်နံ့သင်းသည့် မုန့်ကို ချထားပါသည်။ ထိုမုန့်ကို စားပွဲ အလယ်၌ ပန်းပွင့်များဖြင့် ဖော်ထားသော ပန်းကန်ပြားကြီး တစ်ချပ်ပေါ်၌ တင်ထား လေသည်။ အခန်းထဲတွင် ဆိုဖာများနှင့် လက်တင် ကုလားထိုင်များ ရှိပါသည်။

ထိုနောက်တွင် ဖော်ပြပါ ပန်းချီကားများ ချိတ်ဆွဲ ထားပါသည်။ ဘဲလာမီသည် စကားဝိုင်းမှ ထကာ မီးဖိုထဲ ၀င်သွား၏။ ကျွန်တော်တို့ မီးဖိုထဲ လိုက်ကြည့်သော အခါ မီးဖိုမှာ မာဘယ် ကျောက်ပြားများ ခင်းထားပြီး အလွန် ကျယ်ပြန့်သည်။ ဒယ်အိုးများ၊ အိုးများကို ချိတ်ထားသလို စတီးအိုးကြီး တစ်လုံးကိုလည်း တွေ့ရလေသည်။ မီးဖိုချောင်မှာ သူ့နေရာနှင့်သူ သန့်သန့်ရှင်းရှင်း၊ သပ်သပ်ရပ်ရပ် ရှိလေသည်။

၁၉ ရာစုနှစ်က မြန်မာနိုင်ငံ၊ မန္တလေးမြို့၌ ဘာသာတရား ကိုင်းရှိုင်းသော၊ ပညာရေးကိုလည်း လိုလားသော မင်းတုန်းမင်းကြီးသည် ၁၈၅၃ ခုနှစ်က နန်းစံခဲ့လေသည်။ သူက သူ၏ညီတော် ဖြစ်သည့် စစ်ရေး ကျွမ်းကျင်သော ကနောင်မင်းသား၏ အကူအညီဖြင့် မြန်မာ့ ထီနန်းကို အုပ်ချုပ်ခဲ့ခြင်း ဖြစ်၏။ ကနောင် မင်းသားသည် ဥရောပသားတို့၏ နယ်ချဲ့ ကျူးကျော်မှုကို တွန်းလှန်လိုသော လူတစ်ယောက် ဖြစ်သလို တိုင်းပြည်တိုးတက်ရေးလုပ်ငန်းများကို နောက်ဆုံး အချိန်အထိ ကြိုးပမ်း သွားခဲ့သူ ဖြစ်သည်။ ထိုအချိန်တွင် ထိုင်းနိုင်ငံတွင် မောင်းဂွပ်မင်းကြီး စိုးစံနေချိန် ဖြစ်၏။ ၁၈၆၆ တွင် အိမ်ရှေ့စံ ကနောင်မင်း၏ တူတော်သူ၊ မင်းတုန်းမင်း၏ သားများက လုပ်ကြံသတ်ဖြတ် သဖြင့် ကနောင် မင်းသားမှာ နတ်ရွာ စံခဲ့ရသည်။ ထိုသို့ နန်းလုပွဲ ဖြစ်နေချိန် ကနောင် မင်းသား၏ သားတော် လင်းပင် မင်းသားကို တိတ်တဆိတ် ခေါ်ဆောင်၍ မည်သူမှ မသိအောင် ထားရှိခဲ့လေသည်။

၁၈၈၅ ခုနှစ်၌ ဗြိတိသျှ မီးသင်္ဘောများသည် စစ်သားများ အပြည့်တင် ဆောင်ကာ ဧရာဝတီ မြစ်ရိုးအတိုင်း မန္တလေး ခံတပ်နန်းတော်ဆီသို့ ဆန်တက် လာခဲ့ကြသည်။ ထို့နောက် မြန်မာနိုင်ငံ၏ နောက်ဆုံး ဘုရင်ကို ဖမ်းဆီးကာ အိန္ဒိယသို့ ခေါ်ဆောင် သွားကြ၏။ ထိုအချိန်တွင် လင်းပင် မင်းသားမှာ အရွယ်ရောက် လာပြီဖြစ်၍ ဗြိတိသျှကို ကျွန် မခံလိုသော ရှမ်းစော်ဘွားများ နှင့် မဟာမိတ်ဖွဲ့ခဲ့သည်။ နယ်ချဲ့သမားများကို ကျန်မျိုးချစ်များနှင့် အတူ လင်းပင် မင်းသားက တော်လှန် တိုက်ခိုက် ခဲ့ပါသည်။ ၁၈၈၇ ခုနှစ်တွင် ရှမ်းစော်ဘွားတို့က ဗြိတိသျှတို့နှင့် နားလည်မှု ယူခဲ့ပြီး လင်းပင် မင်းသားကို အတင်း အဓမ္မ အလျှော့ပေး စေခဲ့သည်။ ထို့နောက် သူ့ကို နိုင်ငံခြားသို့ ပြည်နှင်ဒဏ် ပေးလိုက်ပါသည်။

လင်းပင် မင်းသား၏ သမီးများတွင် မင်းသမီး မလတ် ဆိုသူလည်း ရှိ၏။ သူမမှာ ဂျွန်ရို့စ်ဘဲလာမီ၏ မိခင် ဖြစ်ပါသည်။ မင်းသမီး မလတ်ကို ၁၈၉၄ ခုနှစ်က ကာလကတ္တားတွင် ဖွားမြင်ခဲ့၏။ ကျောင်းနေသည့် အရွယ်တွင် အလာဟာဘတ်၌ ကျောင်းတက်ခဲ့ပြီး အထက်တန်း လွှာမှ သားသမီးများနှင့် အတူ ကျောင်းတက်ခဲ့ခြင်း ဖြစ်၏။ သူမသည် ဂျာမန်အိမ်ရှေ့ မင်းသား နောင် ကိုင်ဇာ ဝေလ်ဟိန်း ဖြစ်မည့်သူနှင့် တွေ့ဆုံခဲ့သည်။ မင်းသားက အာရှသို့ ခရီး လှည့်လည်ခဲ့ရာတွင် သူမကို တွေ့သောအခါ အလွန်ကို ဆွဲဆောင်မှုရှိသော အမျိုးသမီး တစ်ယောက်ဟု မှတ်ချက် ချခဲ့သည်။
သမီးတော် မလတ်သည် စစ်ကင်း စော်ဘွားလေးနှင့် စေ့စပ်ခဲ့ရ၏။ သို့သော် သူတို့ လက်ထပ်ပွဲမတိုင်ခင် ၈ ရက် အလိုတွင် စစ်ကင်း စော်ဘွားလေးမှာ အဆိပ်ခတ် ခံရပြီး ကွယ်လွန် သွားခဲ့သည်။ ထို့ကြောင့် လက်ထပ်ပွဲမှာလည်း ပျက်သွား ခဲ့ပါသည်။ သမီးတော် မလတ်မှာ လူပုံပန်း သိမ်မွေ့နူးညံ့ပြီး ကျက်သရေ ရှိသော်လည်း သူမ၏ စိတ်ဓာတ်မှာ သံမဏိလို မာကျောလှပါသည်။ အတင်းအဓမ္မ ခိုင်းစေမှုမျိုး၊ ချုပ်ချယ်ခြင်းမျိုးကို မလိုလားပေ။ လူတိုင်းကိုလည်း တွေ့ဆုံခြင်းမရှိဘဲ သူမ တွေ့ချင်သည့်သူမှ တွေ့ခွင့်ရလေသည်။

ဘဲလာမီက အိမ်တွင် စားဖို့နှင့် သင်တန်းအတွက် သူမဘာသာ ဆီထုတ်ပါသည်။ ထိုဆီသည် သံလွင်ဆီ တစ်မျိုးဟု ခေါ်နိုင်သည်။ တောင်ပေါ်ရှိ ကျောက်တုံးများတွင် ပေါက်သော သံလွင်ပင် တစ်မျိုးမှ ဖြစ်သည်။ ဆီကို မြည်းကြည့်သော အခါ နူးညံ့ပြီး အရသာ ရှိလှ၏။ သူမက "ဒီဆီကို ကျွန်မဘာသာ ထုတ်တာပါ။ ဒါဟာ သံလွင်ဆီ မဟုတ်ဘူး။ ဒါပေမဲ့ အလွန် အရသာရှိတဲ့ ဆီတစ်မျိုးပါပဲ။ တောင်ပေါ်က ကျောက်တုံးတွေကို ဖယ်ပြီး သူတို့ကြားမှာရှိတဲ့ အပင်တွေကနေ ဒီဆီကို ထုတ်ယူတာပါပဲ။ အရင် တစ်ခါက ထုတ်လိုက်တဲ့ ဆီဆိုရင် သိပ်ပြီး အရသာရှိလှတယ်။ အသီးအရွက်တွေကို ကြော်ရင် တခြား အဆာတောင် ထည့်စရာ မလိုတော့ပါဘူး။ ဒီဆီကို တပ်စ်ကန်နီလို့ ခေါ်ပါတယ်။ အခု ထုတ်ထားတဲ့ ဆီတွေဟာ ရောင်းဖို့ မဟုတ်ဘူး။ အိမ်အတွက် ထုတ်ထားသလို မိတ်ဆွေအပေါင်း အသင်းတွေကိုလည်း လက်ဆောင် ပေးပါတယ်။ စားပင် တစ်မျိုးကနေ ထုတ်တဲ့ဆီလည်း ဖြစ်ပါတယ်။" သူမပြောသည့် အတိုင်း ဆီကို မြည်းစမ်းကြည့်ရာတွင် အလွန် အရသာရှိပြီး လည်ချောင်းထဲ ရှတတဖြစ်ခြင်းမျိုးလည်း မရှိပါ။ သံလွင်ဆီနှင့်လည်း မတူပါ။

ဗြိတိသျှတို့၏ အမြောက်များသည် မြန်မာ့ လွတ်လပ်ရေးကို ဖျက်ဆီး ပစ်လိုက်ပါသည်။ ၁၈၇၈ ခုနှစ်က မွေးဖွားခဲ့သော ဟားဗတ်ဘဲလာမီ၏ မိခင်များမှာ သြစတြေးလျတွင် လာရောက် အခြေစိုက်သော အင်္ဂလန် လူမျိုးများ ဖြစ်ပါသည်။ သူသည် ၀ီတိုရိယတွင် ကြီးပြင်းခဲ့၏။ ဟားဗတ်သည် ရွှေထွက်ရှိသော ကယ်လ်ဂူလီသို့ သွားရောက်၍ ရွှေတူး ခဲ့သော်လည်း မအောင် မြင်ခဲ့ပေ။ ငွေသာ ကုန်ခဲ့လေသည်။ တခြား လုပ်ငန်းပေါင်းစုံကို လုပ်ကြည့်၏။ လက်ဝှေ့ပြိုင်ပွဲများ၊ တခြားကစားပွဲများလုပ်၍ စီးပွားရှာခဲ့လေသည်။ သိုးလည်း မွေးခဲ့ပါသည်။ သို့သော် ရေရှည်မလုပ်နိုင်ခဲ့ပေ။ နောက်ပြိုင်မြင်း များလည်း မွေးခဲ့သည်။ ဟားဗတ်သည် ဥရောပသို့ သွားရောက် လည်ပတ်ခဲ့၏။ လန်ဒန်နှင့် ပြင်သစ်တွင် အချိန် အတန်ကြာအောင် လှည့်လည်သွားလာခဲ့သည်။ နောက်အာရှတွင် ခရီးဆန့်ရာ၌ အိန္ဒိယသို့ ရောက်ရှိပြီး ဘုံဘေ၊ ကာလကတ္တား စသော နေရာများကို သွားရောက်လည်ပတ်ခဲ့၏။ ဗာတာဘီးယားဟု ခေါ်သော ဂျာ ကာတာသို့လည်း ရောက်လာသည်။ ဂျာကာတာတွင် ပြိုင်မြင်းများကို မျိုးဖောက်သူ အဖြစ်ဖြင့် လည်းကောင်း၊ မြင်းပွဲဒိုင် အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သေးသည်။

တစ်နေ့ သူသည် မလေးရှား နိုင်ငံတွင် ယိုဟိုဆူတန်နှင့် ခွေးတိုက်ပွဲ အကြောင်း စကားပြောဖြစ်လေသည်။ ဆူတန်သည် သူ့မိတ်ဆွေတစ်ယောက် ဖြစ်သလို ခွေးချင်းကိုက်သည့် ခွေးတိုက်ပွဲကို စိတ်ဝင်စားသူ ဖြစ်၏။ ဆူတန်က "ဘဲလာမီ၊မင်း တကယ်တော့ မြန်မာပြည်ကို သွားသင့်တယ်ကွ၊ အဲဒီနိုင်ငံက အလွန်စိတ်ဝင်စားဖို့ ကောင်းတယ်။ အဲဒီမှာ မင်း တစ်ခုခု လုပ်ပေါ့။ပြိုင်မြင်း မွေးတာမျိုးကို မင်းလုပ်နိုင်တာပေါ့" ဟု သူ့ကို ပြောပြလေသည်။ ဘဲလာမီသည် မြန်မာနိုင်ငံသို့ လာရောက် နေထိုင်ခဲ့ပါသည်။ သူက မြန်မာနိုင်ငံကို အလွန် သဘောကျသွားသလို မြင်းပွဲရှိသော ရန်ကုန်တွင် အခြေစိုက် နေထိုင်ခဲ့လေသည်။

ပထမ ကမ္ဘာစစ် ပြီးသည့်နောက် လင်းပင် မင်းသားကြီးသည် ဗြိတိသျှ အစိုးရ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့သည်။ သူနှင့် သူ့မိသားစု တစ်ခုလုံး ရန်ကုန်တွင် အခြေ စိုက်ကြပါသည်။ သူတို့ မိသားစုမှာ ခေတ်မီခြင်းထက်  ခေတ်နောက် ပြန်ဆွဲသော ရှေးရိုး အယူအဆကို ဖက်တွယ် နေသူများ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် အခြေအနေ အရပ်ရပ်မှာ ပြောင်းလဲနေ၏။ ကျောက်မီးသွေး တွင်းတူးသည့် လုပ်ငန်းများ၊ နိုင်ငံခြားသို့ ဆန်တင်ပို့သည့် လုပ်ငန်းများ တွင်ကျယ်နေသည်။ မီးရထားများဖြင့် ခရီးသွား ကြသလို ကုန်ပစ္စည်းများလည်း တင်ပို့ကြသည်။ ဧရာဝတီ ဖလိုတီလာ ကုမ္ပဏီက မီးသင်္ဘောများဖြင့် ဧရာဝတီမြစ်ရိုး တစ်လျှောက် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည်။

ထိုမိသားစုတွင် ထူးထူးခြား ခြား ခေတ်မီနေသူမှာ မလတ် ဖြစ်၏။ သူက ရန်ကုန်ရှိ မြင်းပွဲများသို့ သွားရောက်သလို မြင်းပွဲ လောင်းကစား ခြင်းလည်း ပြုလုပ်ပါသည်။ မြင်းပွဲတွင် သူမသည် သြစတြေးလျလူမျိုး ဘဲလာမီနှင့် တွေ့ဆုံပြီး ဖူးစာ ဆုံခဲ့ပါတော့သည်။

ကိုလိုနီခေတ်က တရား သူကြီးလည်းဖြစ်၊ စာရေး ဆရာလည်း ဖြစ်သော မောရစ်ကောလစ် ရေးခဲ့သည့် ၁၉၃၈ ခုနှစ်က ဗမာပြည်၏ မှုခင်း များဆိုသော စာအုပ်ထဲတွင် ၁၉၂၈ ခုနှစ်က သူ မလတ်ကို တွေ့ဆုံခဲ့သည့် အကြောင်း ရေးထားလေသည်။ "ဆိုဖာပေါ် တွင် ထိုင်နေသော သူမမှာ အလွန် လှပသော မိန်းမတစ် ယောက်ဖြစ်လေသည်။ အဖြူရောင် ပိုးသားထဘီနှင့် အဖြူရောင် အင်္ကျီကို ၀တ်ဆင်ထား၏။ အလွန် စိုပြည် လှပသော ပြောင်းဖူးရောင် အသားအရေ ရှိပြီး သူမ၏ မျက်လုံးများမှာ ၀ိုင်းစက် တောက်ပြောင် လျက်ရှိသည်။ လက်မောင်းနှင့် လက်တံ၊ လက်ချောင်းများမှာ သွယ်လျပြီး လှပ၍ ကျက်သရေ ရှိလှသည်။" ဟု ရေးထားသည်။ မောရစ်ကောလစ်ကို မလတ်က သူမနှင့် ဘဲလာမီတို့ မင်္ဂလာဆောင်တော့မည့် အကြောင်း ပြောပြပါသည်။

သူတို့၏ လက်ထပ်ပွဲကို အောက်တိုဘာလ ၁၈ ရက်၊ ညနေ ၄ နာရီ ၄၈ မိနစ်တွင် ကျင်းပပါသည်။ ဗေဒင် နက္ခတ်အရ ထိုနေ့၊ ထိုအချိန်တွင် ကျင်းပခြင်းဖြစ်၏။ "၀တ်ဆင်ထားသော သူမ၏ ၀တ်စုံမှာ မန္တလေး နန်းတွင်းမှ ၀တ်စုံမျိုး ဖြစ်သည်။ နန်းတော်မှ မိဖုရားများ ၀တ်ဆင်ထားသော တော်ဝင်ဝတ်စုံမျိုး အဖြစ် သူမ၏ ထဘီမှာ ပုလဲရောင် ပိုးသားဖြင့် ချုပ်လုပ်ထားပြီး ထဘီပေါ်တွင် စိန်မှုန်ကြဲထားသလို တလက်လက် တောက်ပနေသည်။ ဆံပင်ကိုလည်း အပေါ်တွင် စည်းနှောင်ကာ နောက်ဘက်သို့ ချထားသည်။ သစ်ခွပန်းများကို ခေါင်းတွင် ပန်ထား၏။ သူမ၏လည်ပင်းတွင် ပုလဲပုတီးများကို ရင်ဘတ် ပေါ်ရောက်အောင် ဆွဲထားလေသည်။ သတို့သမီးမှာ အဖြူရောင် ယပ်တောင်လေးကိုယပ်ရန် ရှေ့ကို တစ်လှမ်းချင်းစီ လျှောက် လာပါသည်။ အလွန်ကို ကျက်သရေ ရှိပြီး ဣနြေ္ဒရစွာ လျှောက်လာခြင်း ဖြစ်သလို သူမ မျက်နှာမှာလည်း ပျော်ရွှင်နေပုံ ရသည်။

မစ္စတာ ဘဲလာမီက နံနက်ခင်း ၀တ်စုံကို ၀တ်၍ နောက်မှ လိုက်လာသည်။ လက်ထပ်ပွဲမှာ အရပ်သားများ လက်ထပ် သည့် လက်ထပ်ပွဲမျိုးသာ ဖြစ်သည်။ နှစ်ဦး သဘောတူ လက်ထပ်ခြင်းဖြစ်ကြောင်း လက်ထပ် စာချုပ်များတွင် လက်မှတ် ရေးထိုးကြ၏။ ကျွန်တော်က မလတ်၏ လက်တစ်ဖက်ကို ကိုင်ပြီး ထိမ်းမြားမင်္ဂလာပွဲ အထမြောက်ကြောင်း ကြေညာပေးသည်။ ထိုလက်ထပ်ပွဲကို ကြည့်ပြီး ကျွန်တော့် စိတ်ထဲ အနှောင့်အယှက် တစ်ခုခုကို ခံစားလိုက်ရသည်။ ထိုလက် ထပ်ပွဲ အခမ်းအနားကို ကြည့်ရသည်မှာ မန္တလေး နေပြည်တော် အဓမ္မ ပြုကျင့်ခံရသလိုပါပဲလားဟု ခံစားမိခြင်း ဖြစ်သည်" ဟု မောရစ်ကောလစ်က ရေးထား ခဲ့လေသည်။

ဘဲလာမီက နောက်ထပ် စားစရာ တစ်မျိုးကို အိမ်ဖော်များအား ယူလာစေပါသည်။ ပန်းကန်ပြားပေါ် ထည့်လာသော စားစရာမှာ အညိုရောင်ဖြစ်သည်။ "အခုစားစရာကတော့ ဖလော ရင့်ရဲ့ အစားအစာပဲ။ ရာခိုင်နှုန်းပြည့်တင် မဟုတ်ဘူး။ ရာခိုင် နှုန်း ၁၁၀ လောက်ကို တက်စ်ကန်ဆီနဲ့ လုပ်ထားတာပါ။ ရိုးရာ အစားအစာပေါ့။ ကြက်အသည်းတို့၊ ကြက်ကလီစာတို့ကို ချက်ထားတာ ဖြစ်တယ်။ အမေရိကန် ကမ္ဘာလှည့်ခရီးသွားတွေ ကတော့ ဒီအစားအစာကို သိပ်သဘော ကျကြတယ်။ ဒါက ဒီဒေသရဲ့ အစားအစာပါပဲ။ ထမင်း မစားခင်မှာ စားလေ့ ရှိကြတယ်" ဟုပြောပြီးနောက် သူမ၏ စပျစ်ခြံမှ ထုတ်လုပ်သော ၀ိုင်တစ်ပုလင်းကိုလည်း ကျွန်တော်တို့အား တိုက်လေသည်။

ဂျွန်ရို့စ်ကို ၁၉၃၂ ခုနှစ်၌ မွေးဖွားခဲ့ပါသည်။ သူမကို မြန်မာလို ရတနာ နတ်မယ်ဟု သိထားကြသည်။ (ကျောက်မျက် ရတနာ ကိုးသွယ် နတ်သမီးဟု အဓိပ္ပာယ် ရလေသည်။) သူမသည် ကလေး ဘ၀ကတည်းက ယဉ်ကျေးမှု ၂ ခုကြားတွင် နေထိုင်ခဲ့ရပါသည်။ ယဉ်ကျေးမှု ၂ ခုစလုံး၏ သွန်သင်မှု အောက်တွင် ကြီးပြင်းခဲ့ရခြင်း ဖြစ်၏။ "မယ်မယ်က ထုံးတမ်း စဉ်လာကို အလွန် အလေးအနက် ထားပါတယ်။ နန်းတွင်းထုံးစံ တွေ၊ မြန်မာဓလေ့ ထုံးစံတွေကို မပစ်ပယ်ဘူး။ အိမ်မှာဆိုရင် ကျွန်မတို့က ဗမာလိုပဲ ပြောရတယ်။ ပြောတာတောင် သာမန် ဗမာစကား၊ ဗမာ အသုံးအနှုန်း မဟုတ်ဘူး။ နန်းတွင်းမှာ သုံးနှုန်းတဲ့ တော်ဝင် အသုံးအနှုန်း အတိုင်း ပြောရတာပါ။ ကျွန်မဟာ အဲဒီလိုနဲ့ ကြီးပြင်း ခဲ့ရပါတယ်။ အင်္ဂလိပ်လိုလည်း ပြောရသလို ဟိန္ဒူလိုလည်း တတ်ပါတယ်။ ဗုဒ္ဓဘာသာ ကိုးကွယ်ပြီး မယ်မယ်ရဲ့ အဆုံးအမအတိုင်း၊ ဗုဒ္ဓဘာသာ ထုံးစံအစဉ်အလာ အတိုင်း နေထိုင်ရတယ်။ အောက်ထပ်မှာတော့ ဖိနပ် စီးရပါရဲ့။ အပေါ် တက်ရင်တော့ ဖိနပ် ချွတ်ခဲ့ရပါတယ်။ မနက်တိုင်း ဘုန်းတော်ကြီးတွေကို ဆွမ်းကပ်ဖို့ ဆွမ်းထမင်း၊ ဟင်းကို ကျွန်မ ပြင်ရတယ်။ သီတင်းကျွတ် ပွဲတော်၊ ညောင်ရေသွန်းပွဲတော်က အစ ကျွန်မတို့ အားလုံး အလှူလုပ်ကြတာပါပဲ။ အဲဒီအချိန်ဆို အဖေက အိမ်မှာ မရှိဘူး။ အမြဲ အမဲပစ် ထွက်လေ့ရှိတယ်။ အဖေဘက်က ပွဲတော်တွေလည်း ဆင်နွှဲပါတယ်။ ခရစ္စမတ်ပွဲတော်တို့၊ အီစတာပွဲတော်တို့ကို ကျွန်မတို့ ပြုလုပ်ကြတယ်။ အဖေ့ရဲ့စရိုက်ကို ကျွန်မ လိုက်လေ့ရှိတယ်။ မြင်းစီးတယ်။ အမဲလိုက်တယ်။ဒါဟာဗုဒ္ဓဘာသာ တစ်ယောက် အဖို့တော့ ဘယ်ကောင်းပါ့မလဲ"

ဂျွန်ရို့စ်သည် သူမ၏ အဖေကို အလွန်ချစ်၏။ အဖေ ကလည်း သမီးကို အလွန်ချစ်ပါသည်။ အရင်းနှီးဆုံး သားအဖ ဖြစ်ပါသည်။ အဖေက ခြံဝင်းထဲတွင် ၀ါးချုံများကို စိုက်ထား ပေးသည်။ သြစတြေးလျတွင် နေထိုင်ခဲ့ရသည်ကို အမှတ်တရ အဖြစ် ၀ါးချုံများ စိုက်ထားခြင်းဖြစ်၏။ သမီးကိုလည်း ဟင်နရီ လောဆန်၏ ကဗျာများ ဖတ်ပြလေ့ ရှိပါသည်။

၁၉၄၂ခု၊ ဖေဖော်ဝါရီလတွင် ဂျွန်ရို့စ်ဘဲလာမီမှာ အသက် ၉ နှစ်ရှိပြီး သူတို့၏ အေးချမ်းသော ဘ၀လေးမှာလည်း ပြီးဆုံး ခဲ့ရလေသည်။ ဂျပန်ဗုံးကြဲ လေယာဉ်မှူးက ရန်ကုန်မြို့ကို အကြီးအကျယ် ဗုံးမိုး ရွာချ၏။ ဂျပန်ကျူးကျော်မှု၏ အစလည်း ဖြစ်သည်။ ဘဲလာမီ၏ နေအိမ်မှာ ကံကောင်း ထောက်မ၍ ဗုံးဒဏ်မှ လွတ်သွားသည်။ ထို့ကြောင့် သူတို့ တစ်မိသားစုလုံး အိန္ဒိယသို့ ပြောင်းရွှေ့ခဲ့သည်။ အိန္ဒိယ မြောက်ပိုင်း၊ အေးချမ်း တိတ်ဆိတ်လှသော အလာဟာဘတ် မြို့လေးတွင် အခြေ ချခဲ့သည်။ ယမုံနာနှင့် ဂင်္ဂါမြစ်များ ဆုံရာ ဒေသလေးလည်း ဖြစ်သည်။  ဘာသာရေး ပွဲတော် ကွမ်မီလာ ကျင်းပရာ နေရာလည်း ဖြစ်၏။ ထိုပွဲတော်မှာ ကမ္ဘာပေါ်တွင် လူအများဆုံး စုဝေး ရောက်ရှိပြီး ၀တ်ပြု ဆုတောင်းသည့် ပွဲတော် ဖြစ်သလို ၁၂ နှစ်မှ တစ်ကြိမ် ကျင်းပလေ့ ရှိသော ထူးခြားသည့် ဘာသာရေး ပွဲတော်လည်း ဖြစ်သည်။

ထိုမြို့မှာ နေရူး မိသားစု၏ ဇာတိမြို့လည်း ဖြစ်ပါသည်။ လင်းပင်မင်းသား၏ သမီးတော်များအနက် ဂျွန်ရို့စ်၏ အဒေါ်တစ်ယောက် ဖြစ်သူ မင်းသမီး တစ်ယောက်သည် အိန္ဒိယ မဟာရာဂျာ တစ်ယောက်နှင့် လက်ထပ်ပြီး ထိုမြို့တွင် နေထိုင်ခဲ့သည်။ ထိုမဟာရာဂျာသည် ဂျဝါဟာလာ နေရူးနှင့် အတူ အိန်္ဒိယ လွတ်လပ်ရေးတွင် ပါဝင် တိုက်ခိုက် ခဲ့သဖြင့် သူ့ကို အင်္ဂလိပ် အစိုးရက အလာဟာဘတ် ထောင်ထဲတွင် အကျဉ်း ချခဲ့သည်။ သူမအဒေါ် လာရောက် လည်ပတ်သည့် အခါ ဂျွန်ရို့စ် သည်  အလာဟာဘတ် ထောင်ဘက်သို့ လမ်းလျှောက်လေ့ ရှိပါသည်။ "ထောင်ထဲမှာ ကျွန်မ ဦးလေးကို တိုက်ခန်း တစ်ခုထဲ ထည့်ပိတ် ထားတယ်။ ထောင်ထဲမှာ ရေတွေရှိတော့ အေးစက်နေပြီး ထောင်ထဲမှာ နေရပါတယ်။ ၄ ခန်း အကွာ မှာတော့ နေရူး ရဲ့အခန်း ရှိတယ်။ ဂန္ဓီရုပ်ရှင် ကားကြည့်ရတဲ့ အခါမှာ ကျွန်မ အဲ့ဒါကို ပြန်မြင်မိတယ်။ အဒေါ်ဆီက ဒီအကြောင်းကြားရတဲ့ အခါ ကျွန်မ ငိုမိပါတယ်" ဟု ဂျွန်ရို့စ်က ပြောပြလေသည်။

အသက် ၁၁ နှစ် အရွယ်တွင် ဂျွန်ရို့စ်ကို ကာလင်ပွန်းရှိ မိန်းကလေး သီးသန့် ကွန်ဗင့်ကျောင်းသို့ ပို့လိုက်လေသည်။ ထိုကျောင်းတွင် ဟားဗတ်ဘဲလာမီ၏ သြဇာမှာ မရှိပေ။ ကျောင်းရှိ မယ်သီလရှင်တစ်ဦးက ဂျွန်ရို့စ်ကို ငေါ့တော့တော့ဖြင့် နှိမ်ချလေသည်။ ကပြားမလေး တစ်ဦးအဖြစ် မျိုးစပ်နေသော မိန်းကလေးဟု သူမကို လှောင်ပြောင်လေသည်။ ကျောင်းတွင် ပထ၀ီသင်သည့် အခါ၌ သြစတြေးလျ နိုင်ငံအကြောင်း ပါလာ သည့်အခါ ဆရာမက ဂျွန်ရို့စ်ကို လှောင်ပြောင်ပြီး မေးလေ့ရှိသည်။ ပထ၀ီဝင် သင်ရင်း မြေပုံကြည့်ခိုင်းသည့် အခါတွင် ဂျွန်ရို့စ်က သင်ပုန်းကြီးတွင် ချိတ်ထားသော မြေပုံအလယ်ကို ထောက်၍ "ဒီနေရာဟာ ဘာရာဂါဒါဝင်ဒီလို့ ခေါ်တယ်။အိပ်မက် တိုင်းပြည်ပေါ့။ ဒီနေရာမှာ ရှိတဲ့ တောတောင်ရေမြေ တွေဟာ ပြောင်းပြန် ဖြစ်နေကြတယ်။

မြစ်တွေဟာ ပင်လယ်ဘက်ဆီ စီးမယ့်အစား အထက်ဘက် တောင်တွေဆီ စီးတယ်။ မြွေတွေကလည်း အတောင်တွေနဲ့ ကျီးကန်းတွေကလည်း နောက်ပြန် ပျံကြတယ်။ ရှေ့ကို မပျံကြဘူး" ဟု အတန်းသားများ ကိုပြောသော အခါ သူမမှာ အတန်းထဲမှ အထုတ် ခံရလေသည်။

အသက် ၁၄ နှစ် အရောက်တွင် ဂျွန်ရို့စ်သည် မိဘများနှင့် အတူ ဗုံးဒဏ်ဖြင့် ပျက်စီးနေသော ရန်ကုန်မြို့သို့ ပြန်လာခဲ့ကြသည်။ သူမ အဖေမှာ ဗြိတိသျှလူမျိုးတို့ မြန်မာနိုင်ငံတွင် အနားယူနေထိုင်လေ့ရှိသည့် တောင်ပေါ် စခန်းမြို့ မေမြို့ (ပြင်ဦးလွင်) တွင် နေထိုင်ခဲ့လေသည်။ ထိုမြို့မှာ မန္တလေးနှင့် မလှမ်းမကမ်းတွင် ရှိ၏။ အိမ်များကို ကျွန်းသားများ၊ အုတ်များဖြင့် ဆောက်ထားကြသည်။ ကျူဒါခေတ် ပုံစံ လှပသော အိမ်လေးများ ဖြစ်ပြီး မြက်ခင်းပြင်နှင့် နှင်းဆီခင်းကြီးများကိုလည်း ခြံထဲတွင် စိုက်ထားပါသည်။ ဘဲလာမီသည် မြင်းများဖြင့် အလုပ်ရှုပ်နေ၏။ သူ့မြင်းများနှင့် အတူ တောထဲသို့ အမဲလိုက် လေ့ရှိသည်။ မေမြို့တွင် နေသည့် ဗြိတိသျှ လူမျိုးများက ဘဲလာမီကို မြင်းပွဲဒိုင်တစ်ဦး အဖြစ် အထင်သေးကြလေသည်။ သို့သော် အင်္ဂလိပ်ရော၊ မြန်မာမိသားစု ၂ ခုစလုံးက မလတ်ကိုမူ မင်းမျိုးမင်းနွယ် အဖြစ် သူတို့ဆီ လာလည်လျှင် ရိုသေစွာဖြင့် အမြဲတံခါးဖွင့် ကြိုဆိုလေသည်။ "သူတို့ဟာ လက်တစ်ဖက်က ကျွန်မ ပခုံးပေါ်ကို တင်ပြီး အထူး အခွင့်အရေးပေးသလို ဆက်ဆံကြပေမယ့် လက်တစ်ဖက်ကတော့ ကျွန်မပခုံးကို ဖိပြီး မတူ မတန်သလို ဆက်ဆံကြပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်မက သူများတွေနဲ့ မတူဘဲ အင်္ဂလိပ် မြန်မာ ကပြားတစ် ယောက်ဖြစ်နေလို့ပါပဲ" ဟု ဂျွန်ရို့စ်က ပြောပြလေသည်။

သူမသည် မှတ်တမ်း တင်ရမည့် အလှမျိုးနှင့် ကြီးပြင်း လာခဲ့သူ မိန်းကလေး တစ်ယောက် ဖြစ်၏။ ခရီးသွား မှတ်တမ်း များ ရေးသားသည့် အင်္ဂလိပ် စာရေးဆရာ နော်မန်လူးဝစ်က မေမြို့ရှိ ပါတီတစ်ခုတွင် ဘဲလာမီ မိသားစုနှင့် တွေ့ဆုံခဲ့လေ သည်။ ၁၉၅၅ ခုနှစ်တွင် သူရေးခဲ့သည့် Golden Earth စာအုပ်၌ သူက ဘဲလာမီကို "သူသည် ဖော်ရွေပြီး လျှို့ဝှက်သည့် လူတစ်ယောက်ဖြစ်သည်" ဟု မှတ်ချက်ပေးထားသလို မလတ်ကိုမူ "လှပနေဆဲ အမျိုးသမီး တစ်ဦးဖြစ်သည်" ဟု ရေးထားပြီး သူမ၏ အတွင်းမှ ကြည်နူးပျော်ရွှင်နေမှုမှာ မျက်နှာတွင် ပေါ်လွင်နေလျက် ရှိသည်ဟု မှတ်ချက် ပေးထားသည်။ ဂျွန်ရို့စ်ကိုမူ "မြန်မာလူမျိုး၏ ကျက်သရေ ရှိသောအလှနှင့် ဥရောပ တိုက်သား၏ မြူးကြွသော စရိုက်ကို ပေါင်းစပ်ထားလေ သည်။ သူတို့ မိသားစု ပါတီပွဲမှ ပြန်တော့မည့် အခါတွင် သူတို့၏ အိုဟောင်းနေသော ဗြိတိသျှလုပ် ကားပေါ် တက်လိုက်ကြသည့် အခါ ဂျွန်ရို့စ်က ကားမောင်းသည့် နေရာတွင် ထိုင်၏။ သူမသည် ကားမောင်း ကျွမ်းကျင်ပုံလည်း ရလေသည်။ ကားစက် နှိုးသည့် အခါတွင် ကားက တော်တော်နှင့် မနိုးနိုင်ပေ။ သူမ ကြည့်ရသည်မှာ ယောက်ျားဆန်၏။ ယောက်ျားလျာလေး တစ်ယောက်လိုဖြစ်နေသည်။ ကားစက်နိုးအောင် ခပ်မြန်မြန် စက်ကို နှိုးပြီး စက်နိုးလာသည့် အခါတွင် လက်ကိုင်ဘီးကို ကျင်လည်စွာ ကိုင်ကာ ရုတ်တရက် ဆောင့်ထွက် သွားလေသည်" ဟု ရေးထားလေသည်။

ကျောင်းတွင် စာတော်သဖြင့် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရ၏။ ဂျွန်ရို့စ်ကို အမေရိကန် ပြည်ထောင်စုသို့ ၃ လ စရိတ်ငြိမ်း လည်ခွင့်ပေးလေသည်။ လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အခွင့်အရေးများ မဖြစ်ထွန်းခင်၊ လွတ်လပ်ရေး အရသာကို မခံစား ရခင်မှာပင် ပြည်တွင်းစစ်ကြီး ဖြစ်ပွားခဲ့လေသည်။ ပြည်တွင်း သူပုန်များလည်း မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာခဲ့ပါသည်။ ဟောလိဝုဒ်မှ ခရမ်းရောင် လွင်ပြင် The  Purple Plcin ရုပ်ရှင်ကားကို ရိုက်ကူးရာ၌ မြန်မာ အမျိုးသမီး တစ်ယောက်ကို မင်းသမီး အဖြစ် ရိုက်ကူးဖို့ စီစဉ်လေသည်။ ထိုကားတွင် ငယ်ရွယ် လှပသော မြန်မာလူမျိုး သူနာပြု ဆရာမလေး တစ်ဦးနှင့် လေယာဉ်ပျက် ကျ၍ ဒဏ်ရာရနေသော လေယာဉ်မှူး တစ်ဦးတို့၏ ဇာတ်လမ်း ဖြစ်ပါသည်။

ထင်ရှားသော ဟောလိဝုဒ် မင်းသား ဂရေဂိုရီပက်က လေယာဉ်မှူး အဖြစ် သရုပ်ဆောင်သည်။ ထိုကားတွင် သရုပ်ဆောင်ရန် ဂျွန်ရို့စ် လျှောက်ထားလေသည်။ သီဟိုဠ်(သီရိလင်္ကာ) နိုင်ငံကို မြန်မာနိုင်ငံ အဖြစ် ရိုက်ကူးထား၏။ ထိုသို့ သီဟိုဠ်သို့ သွားရိုက်ရမည် ဆိုသောကြောင့် ဂျွန်ရို့စ်က ထိုကားတွင် သရုပ် မဆောင်တော့ဘဲ သူမဘာသာ ရပ်ဆိုင်းပစ်လိုက်၏။ ဂျွန်ရို့စ်က "ဒါဟာ ဟောလိဝုဒ်ရဲ့ လုပ်ရပ်ပဲ။ တကယ်ကို ရယ်စရာ ကောင်းတာပေါ့။ အားလုံးကို စော်ကား ထားသလိုပဲ။ မြန်မာ နိုင်ငံမှာပဲ ရိုက်ရမှာ။ မရိုက်ဘဲနဲ့ မြန်မာ လူမျိုးတွေကို စော်ကားသလို ရိုက်တာပဲ။ ဒီကားကို ပြပြီဆိုရင် ဒီကားထဲမှာ ပါတဲ့ စကား ပြောသံတွေ၊ ငိုသံတွေ၊ အော်သံတွေက မြန်မာလို မဟုတ်တော့ဘူး။ မြန်မာနိုင်ငံက စေတီ ပုထိုးတွေ၊ ဘုရား ကျောင်းကန်တွေဟာ ဗုဒ္ဓဘာသာ တစ်ယောက် အနေနဲ့ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူး" ဟု ပြောပြပါသည်။

၁၉၅၄ ခုနှစ်တွင် သူသည် မာရီယိုပိုစတီဂလီရွန် ဆိုသူ အီတလီ ဆရာဝန် တစ်ယောက်နှင့် လက်ထပ်ခဲ့ပါသည်။ သူ သည် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO မှ ငှက်ဖျား ကာကွယ်ရေး လုပ်ငန်းတွင် လုပ်ကိုင်နေရင်း သူမနှင့် တွေ့ဆုံကာ လက်ထပ်ခဲ့ခြင်း ဖြစ်၏။ သူတို့၏ သား ၂ ယောက်အနက် သားကြီးမွေးပြီး ၇ လလောက် အကြာတွင် မာရီယိုကို ဗမာကွန်မြူနစ်များက ပြန်ပေးဆွဲ ဖမ်းဆီး သွားခဲ့သည်။ "သူတို့ဟာ အရင်က တက္ကသိုလ် ကျောင်းသား ပညာတတ်တွေပေါ့" ဟု ဂျွန်ရို့စ်က ပြောပြသည်။ ဖမ်းဆီးသွားသော ကွန်မြူနစ်များက သူမကို "ကျွန်တော်တို့က ခင်ဗျားကိုရော၊ ခင်ဗျား ယောက်ျားကိုရော မလိုမုန်းထားလို့ ဖမ်းတာ မဟုတ်ဘူး။ ခင်ဗျားရဲ့ မယ်တော်နဲ့ ခင်ဗျား သားလေးကော နေကောင်းတယ် မဟုတ်လား။ အခု ကျွန်တော်တို့ ဖမ်းဆီးရတဲ့ အကြောင်းကတော့ အုပ်ချုပ်နေတဲ့ ဗမာအစိုးရဟာ တိုင်းပြည် တစ်ခုလုံးကို အုပ်ချုပ် မထားနိုင်ဘူး ဆိုတာ တစ်ကမ္ဘာလုံး သိအောင် ဖမ်းတာပါ။ ကျွန်တော်တို့မှာ လက်နက်ဝယ်ဖို့ ငွေလိုတယ်။ အခု ဖမ်းမိတဲ့ သူက ခင်ဗျား ယောက်ျား ဖြစ်နေတော့ ဆိုးတာပေါ့ဗျာ" ဟု ကွန်မြူနစ်လူငယ် များက ရှင်းပြသည်။ ထိုအချိန်တွင် မြန်မာနိုင်ငံသို့ ဆိုဗီယက် ခေါင်းဆောင် ခရူးရှော့နှင့် ဗူဂါနင်တို့ လာရောက် လည်ပတ်သော အချိန်လည်း ဖြစ်ပါသည်။ မာရီယိုကို သူပုန်များက လွှတ်ပေးပြီးသည့်နောက် ကုလသမဂ္ဂက သူတို့ကို မြန်မာနိုင်ငံမှ ပြန်ခေါ်ခဲ့လေသည်။

ဂျွန်ရို့စ်သည် မာရီယို၏ WHO တာဝန်ကျရာ နေရာများသို့ လိုက်ပါ သွားခဲ့ရသည်။ ဒမတ်စကတ်၊ ဂျနီဗာနှင့် မနီလာအထိ ရောက်ရှိခဲ့လေသည်။ ဖိလစ်ပိုင်၌ သူတို့ တာဝန်ထမ်း ဆောင်နေစဉ် သူမ၏ ဖခင်မှာ ရန်ကုန်မြို့၌ ကွယ်လွန် သွားခဲ့သဖြင့် ဂျွန်ရို့စ်သည် ရန်ကုန်သို့ ပြန်လာခဲ့သည်။ ထိုအချိန်မှာ ၁၉၆၃ ခုနှစ် ဖြစ်ပါသည်။
(ဆက်လက်ဖော်ပြပါမည်)

ထက်မြက်
(ရွှေအမြုတေ မဂ္ဂဇင်း၊နိုဝင်ဘာလ ၂၀၁၁)

 


 


webspicasahttp://www.hlamyaing.shutterfly.comface,the hecklerflicker
hla myaingthe conquererfly

flyFUN

No comments:

Post a Comment